တညင်းကုန်းလက်ကားဈေးရှိ ဈေးရုံကြီး (၃)ရုံမှာ ဈေးစတင်ရောင်းချ ခွင့်ပြု

တညင်းကုန်းလက်ကားဈေးရှိ ဈေးရုံကြီး (၃)ရုံမှာ ဈေးစတင်ရောင်းချ ခွင့်ပြု


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားနဲ့ ပုလဲလမ်းထောင့်မှာရှိတဲ့ တညင်းကုန်း လက်ကားဈေးရုံရှိ ဈေးရုံကြီး(၃)ရုံမှာ  ဒီဇင်ဘာလ(၂၆)ရက်စပြီး ဈေးရောင်းချခွင့် ပြုလိုက်ပြီဖြစ်တယ်လို့ မြန်မာအက်ဂရိုအိတ်(စ်)ချိန်း ပတ်ဘလစ်(public) လီမိတက်က တာဝန်ရှိသူက ပြောပါတယ်။ တညင်းကုန်း လက်ကား ဈေးသစ်ကြီးအတွင်းမှာ တည်ဆောက်ထားတဲ့ သစ်သီး လက်ကားဈေးရုံ၊ ဟင်းသီးဟင်းရွက်၊ စားဖိုးဆောင်သုံး သစ်သီးဝလံပစ်္စည်း လက်ကားဈေးရုံနဲ့တောင်သူလက်လီရောင်း (Ground Market) စတဲ့ဈေးရုံကြီး (၃)ရုံမှာ စတင်ဈေးရောင်းချခွင့် ပြုလိုက်ပြီဖြစ်ပါတယ်။ ယခုစတင်ရောင်းချ ခွင့်ပြုလိုက်တဲ့ ဈေးရုံကြီး တွေထဲမှာမှ တောင်သူ လက်လီရောင်း (Ground Market) မှာ ဈေးလာရောင်းချတဲ့ ဈေးသည်တွေစတင် လာရောက် ရောင်းချနေပြီး ဈေးဝယ်သူတွေပါလာရောက်ဈေးဝယ် ကြပြီဖြစ်ပါတယ်။
တောင်သူ လက်လီရောင်းဈေးရုံကြီးမှာတော့ ဆိုင်ခန်းငှားခတစ်လကို ငွေကျပ် (၅၀၀၀၀) ပေးရပြီး ဈေးရုံမှာ ရောင်းချမယ့်ကုန်ပစ်္စည်းတွေကို တစ်ဆင့်သယ်ယူစရာမလိုပဲနဲ့ကုန်ပစ်္စည်းတွေကို သယ်ယူမယ့် ကုန်တင်ကုန်ချဝန်ထမ်းတွေပါဝင်တယ်လို့ ပြောပါတယ်။ဒါ့အပြင် ယခင်က အပြင်ဘက်ဈေးတန်းတွေမှာ ရောင်းချရတာ မိုးရာသီမှာ အခက်အခဲရှိပြီး နေရာအတည်တကျမရှိတာကြောင့် အခက်အခဲတစ်ချို့ရှိတယ်လို့ သိရပါတယ်။ လက်ရှိရောင်းချနေတဲ့ တညင်းကုန်းဈေးသစ်ကြီးမှာတော့ နေရာအတည်တကျရှိပြီး မိုးလုံလေလုံဖြစ်လို့ ဈေးဝယ်သူတွေအနေနဲ့ကလည်းအဆင်ပြေတယ်လို့ ပြောပါတယ်။အသစ်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေတဲ့ တညင်းကုန်း လက်ကားဈေးသစ်ကြီး အတွင်းမှာတော့ ဈေးဆိုင်ခန်းတွေအပြင် ဈေးလာရောက်ဝယ်ယူတဲ့သူတွေအဆင်ပြေအောင်လို့ ကားပါကင်တွေပါ ထည့်သွင်းထားပါတယ်။ လုံခြုံရေးအပိုင်းအနေနဲ့CCTV တပ်ဆင်တာတွေအပြင် ဈေးသန့်ရှင်းရေး အပိုင်းနဲ့ ပတ်သက်လို့ ပုဂ္ဂလိက သန့်ရှင်းရေးဝန်ထမ်း(၆၀) ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ဈေးလာဝယ်တဲ့သူတွေကိုလည်း ဈေးနှုန်းတွေလျှော့ထားပေးပြီး မြို့နယ် အလိုက် ဈေးနှုန်းကူပွန်တွေ ဝန်ဆောင်ခပေးထားတယ်လို့သိရပါတယ်။တညင်းကုန်းလက်ကားဈေးသစ်ကြီးကို ၂၀၁၆ ခုနှစ်အစပိုင်းကစတင်ဆောက်လုပ်ခဲ့ တာဖြစ်ပြီး ဈေးဝင်းထဲမှာ ဈေးရုံကြီးပေါင်း(၇)ရုံပါဝင်တယ်လို့ သိရပါတယ်။

Source : Good Morning Myanmar