တညင်းကုန်း သစ်သီးဝလံ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက်ကားဈေးသစ်ကြီး ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၃ဝ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက် (MAEX) တို့ အကျိုးတူပူးပေါင်းတည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တညင်းကုန်းသစ်သီးဝလံဟင်းသီး ဟင်းရွက်နှင့် ပန်းမန်လက်ကားဈေးသစ်ကြီးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၆ နာရီက အဆိုပါဈေးသစ်ကြီး၏ အဝင်မုခ်ဝ၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်း ဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဈေးသစ်ကြီးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်း နှင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းတို့ကို ပြုလုပ်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် အဆိုပါဈေးကြီးရှိ ဈေးရုံအမှတ်(၂) တောင်သူလက်လီ ရောင်းဈေးရုံ၊ ဈေးရုံအမှတ်(၁) သစ်သီးလက်ကားဈေးရုံနှင့်ဈေးရုံအမှတ်(၃) ကုန်မျိုးစုံနှင့် စားသောက်ဆိုင်ဈေးရုံများအတွင်း လိုက်လံကြည့်ရှုကြပြီး ဈေးရုံအမှတ်(၇) အအေးခန်း၊ အလတ်စားပွဲရုံအဆောက်အအုံ စတင်တည်ဆောက်မည့် မင်္ဂလာ Pile အား စက်ခလုတ်ဖြင့် ရိုက်နှိပ်ပေးသည်။

တညင်းကုန်း သစ်သီးဝလံ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက်ကားဈေးသစ်ကြီး ဖွင့်ပွဲအခမ်းအနား ကျင်းပ

ယင်းနောက် တညင်းကုန်းသစ်သီးဝလံ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် လက်ကားဈေးသစ်ကြီးဖွင့်ပွဲနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင် ”ရန်ကုန်မြို့မှာ အိမ်တိုင်း အိမ်တိုင်းဟာ စားဝတ်နေရေးအတွက် ဈေးတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေ ကြတာပဲဖြစ်ပါတယ်၊ ဈေးတွေနဲ့ဆက်သွယ်ဆောင်ရွက်ကြတဲ့အခြေအနေ တိုင်းမှာ တကယ်သန့်ရှင်းသပ်ရပ်ပြီးတော့ ရောင်းဝယ်တဲ့ပစ္စည်းတွေဟာလည်း ကောင်းမွန်ပြီး ကျန်းမာရေးအတွက် ညီညွတ်နိုင်တဲ့ အစားအသောက်တွေကို ရောင်းဝယ်နိုင်တဲ့ဈေးတွေ ပေါ်ထွန်းဖို့လိုအပ်ပါတယ်၊ ဒီအခြေအနေကို ကျွန်တော်တို့အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲရမယ့် အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။

”ဒါကြောင့် အခုဆိုရင် ဒီဈေးကြီးကိုလည်း တည်ဆောက်ပြီးပြီ၊ ဒီဈေးကြီး ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ့် ကုမ္ပဏီတစ်ခုက လည်း အော်ပရေတာလုပ်မယ်ဆိုတဲ့အတွက် ဒီဈေးကြီးဟာ ကျွန်တော်တို့ အနာဂတ်အတွက် မျှော်မှန်းထားတဲ့ အဆင့်တစ်ဆင့်ကို ရောက်နိုင်မယ့်ဈေး ဖြစ်တယ်ဆိုတာကို ပြောပါရစေ၊ ဒီဈေးကြီးကတော့ ကျွန်တော်တို့အစိုးရသစ် ရဲ့ ပထမဦးဆုံး စံနမူနာပြဈေးအဖြစ် ရှိလာမှာဖြစ်ပါတယ်၊ ဒီဈေးကြီးဟာ ထပ်မံတည်ဆောက်မှုတွေများစွာရှိနေဦးမှာ ဖြစ်ပါတယ်၊ ရန်ကုန်မြို့ကြီးရဲ့ ဈေးတွေရဲ့စနစ်ထဲမှာ ပထမဦးဆုံး ပြုပြင်ပြောင်းလဲလိုက်တဲ့စနစ်တစ်ရပ် အနေနဲ့ သမိုင်းမှတ်တိုင်သစ်တစ်ရပ်ကို ဒီကနေ့ စိုက်ထူလိုက်တာပဲဖြစ်ပါတယ်”ဟု ပြောကြားသည်။
အဆိုပါဈေးကြီးသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွှေပြည်သာ တံတားလမ်းနှင့် ပုလဲလမ်းထောင့် မြေဧရိယာ ၈၂ ဒသမ ၇၈ ဧကပေါ်တွင် တည်ရှိပြီး ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက ဈေးရုံအမှတ်(၁) သစ်သီး လက်ကားဈေးရုံ၊ ဈေးရုံအမှတ်(၂) တောင်သူလက်လီရောင်းဈေးရုံနှင့် ဈေးရုံ အမှတ်(၃) ကုန်မျိုးစုံနှင့် စားသောက်ဆိုင်ဈေးရုံတို့ကို အပြီးသတ် တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သဖြင့် အဆိုပါဈေးရုံများ၌ ဈေးဆိုင်ငှားရမ်း ဖွင့်လှစ်ခြင်းကို ဇန်နဝါရီ ၁ ရက်မှ စတင်ခွင့်ပြုခဲ့ပြီး ယနေ့တွင်ဈေးကြီး၏ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။
ယနေ့ ဈေးဖွင့်လှစ်ရောင်းချနေမှုအပေါ် ညောင်တုန်းမြို့နယ်နေ ဒေါ်မြင့်မြင့်ဦးက ”ကိုယ်တိုင်စိုက်ထားတဲ့ ခြံထွက်တွေကို လာရောက် ရောင်းချတာပါ၊ စတင်ရောင်းချခွင့်ပြုခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကတည်းက လာရောင်းတာပါ၊ လဆန်းပိုင်းတုန်းကတော့ အရောင်းအဝယ်တော်တော်ပါး ခဲ့ပါတယ်၊ တစ်နေ့တစ်နေ့ အရင်းရအောင် မနည်းရောင်းခဲ့ရတာပါ၊ ဈေးကလည်း နေ့ဈေးနဲ့ အရုဏ်ဈေးဆိုပြီး ဈေးဟောင်းနဲ့ ဈေးသစ်နှစ်မျိုး ကွဲနေတာကြောင့် တချို့ဈေးဝယ်သူတော်တော်များများက အရင်ဈေးဟောင်း (နေ့ဈေး)မှာပဲ သွားဝယ်နေကြတာကြောင့် ထင်သလောက်တော့ အရောင်း အဝယ်မကောင်းသေးပါဘူး၊ နောက်ပိုင်းမှာတော့ အဆင်ပြေသွားမယ်ထင်ပါ တယ်၊ အခုလည်း အရင်ရက်တွေထက်တော့ အရောင်းအဝယ်နည်းနည်း ကောင်းလာပါတယ်”ဟု ပြောသည်။
အလားတူ မှော်ဘီမြို့နယ် ဝါးပတောကျေးရွာမှ ဒေါ်စန်းစန်းအေးက ”ခြံထွက်အသီးအရွက်တွေကို လာရောက်ရောင်းချတာပါ၊ နေ့စဉ် ည ၁ဝ နာရီလောက် ရွာကနေ ထွက်လာတာပါ၊ ဒီဈေးကြီးကို မနက် ၁ နာရီလောက် ရောက်ပါတယ်၊ ဈေးဝယ်သူအစည်ကားဆုံးက မနက် ၃၊ ၄ နာရီဆိုတော့ အဲဒီအချိန်ကိုပဲ အဓိကထားပြီး ရောင်းရတာပါ၊ လာရောက်ဝယ်ယူသူအများစု ကတော့ လက်လီပြန်ရောင်းကြတဲ့သူတွေ များပါတယ်၊ ကျွန်မတို့ကတော့ ပစ္စည်းအမြန်ကုန်သွားဖို့အတွက် ဈေးနှုန်းချိုသာစွာနဲ့ လျှော့ရောင်းပေးရတာပေါ့၊ ဒီရက်ပိုင်းမှာတော့ အရောင်းအဝယ်သွက်ပါတယ်”ဟု ပြောသည်။
အဆိုပါဈေးကြီးကို ယခုတည်ဆောက်ပြီးစီးဖွင့်လှစ်ခဲ့သည့် ဈေးရုံသုံးရုံ တို့အပြင် ဆက်လက်၍ အဆင့်အလိုက် တိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ရာ ဈေးတည်ဆောက်မှုစီမံကိန်းတွင် ပါဝင်သည့် အဆောက်အအုံများဖြစ်သောတင်ဒါစနစ်ကို ကျင့်သုံးရန်အတွက် တင်ဒါခန်းမ၊ နှစ်ထပ်စားသောက်ဆိုင်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် နှစ်ထပ်ဈေးရုံ ၊ အသင့်စားသုံးနိုင်သည့် သားငါးနှင့် ငါးပိ၊ ငါးခြောက်၊ ကုန်ခြောက်မျိုးစုံ ရောင်းဝယ်သည့် နှစ်ထပ်ဈေးရုံ၊ အအေးခန်း ပါဝင်သည့် အလတ်စားပွဲရုံ၊အကြီးစားပွဲရုံ၊ လူနေဆိုင်ခန်း အဆောက်အအုံ နှစ်ခန်းတွဲ သုံးထပ်၊ လေးထပ်တို့အပါအဝင် ပွဲရုံအဆောက်အအုံ ၂ဝဝ ခန့်၊ Export ပြုလုပ်နိုင်ရန် ရည်ရွယ်ထားသည့်အတွက် အသင့်ထုပ်ပိုးထားသော ပစ္စည်းများကို ထားရှိနိုင်ရန် အအေးခန်းစက်ရုံ သုံးရုံ၊ အဆင့်မြင့်Hyper Market တစ်ခု၊ အဆင့်မြင့် ရှစ်ထပ်မိုတယ်၊ စက်သုံးဆီရောင်းဝယ်ရေးဆိုင်တစ်ဆိုင်တို့ ပါဝင်လျက်ရှိရာ ယင်းတို့ကို အဆင့်အလိုက်ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းတစ်ခုလုံးအတွက် စုစုပေါင်း ကုန်ကျငွေကို ၉၉ ဒသမ ၈ ဘီလီယံခန့် ခန့်မှန်းထားကြောင်း MAEX ကုမ္ပဏီမှ CEO ဦးအောင်ကြီးထံမှ သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး