ဈေးဆိုင် ၁၇၀ ကျော်ကို တညင်းကုန်းဘူတာဈေးသစ်သို့ ရွှေ့မည်

တညင်းကုန်းဘူတာ ပလက်ဖောင်းပေါ်တွင် ရောင်းချနေသည့်ဈေးဆိုင်ခန်းပေါင်း ၁၇၀ ကျော်ကို အသစ်တည်ဆောက်ထားသည့် တညင်းကုန်းဘူတာဈေးသစ်ကို ရွှေ့ပြောင်းမည်ဖြစ်ကြောင်း မြန်မာ့ မီးရထား၊ တိုင်း-၇ (သွားလာပို့ဆောင်ရေး ဌာန) ထံမှ သိရသည်။
မေလ ၃၀ ရက် နံနက် ၉ နာရီခွဲက တိုင်းအမှတ် (၇) တွင် တိုင်းတာဝန်ခံနှင့် အရာရှိများသည် တညင်းကုန်းဘူတာဈေး ရွှေ့ပြောင်းနိုင်ရန် တညင်းကုန်းဘူတာရုံ ပိုင်ကြီးနှင့် စည်ပင်သာယာဈေးတာဝန်ရှိသူများ၊ တညင်းကုန်းဈေးသစ်ကြီးမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့သည်။
ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်မှု စီမံကိန်းဆောင်ရွက်ရာတွင် တညင်းကုန်းဘူတာကို မကြာမီစတင်တော့မည်ဖြစ်ပြီး ရထားမတော်တဆမှုများ ကင်းစင်စေရန် ဈေးသည်များအား ဘူတာအနီးတည်ဆောက်ထားပြီးဖြစ်သော တညင်းကုန်းဘူတာဈေးသစ်ကြီးသို့ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“နောင်ကို ရထားအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးသည်တွေကို ပြောင်းရွှေ့ပေးတာပါ။ လမ်းဖြတ်ကူးသူတွေ၊ ရထားစီးနင်းတဲ့ ခရီးသည်တွေ မတော်တဆမှု မဖြစ်စေချင်ဘူး။ ဈေးသစ်ကြီးက ပြီးနေပြီ။ သမိုင်းဘူတာက ဈေးသည်တွေကိုလည်း ပြောင်းရွှေ့တာတွေ လုပ်ထားတယ်” ဟု ၎င်းက ဆိုသည်။
တညင်းကုန်းဘူတာ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းချနေသည့်ဆိုင်ခန်းပေါင်း ၁၇၃ ဆိုင်ရှိပြီး ပြောင်းရွှေ့မည့်ရက်ကို ရထားတာဝန်ရှိသူများ ညှိနှိုင်းဆောင် ရွက်နေကြောင်း မြန်မာ့မီးရထား၊ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း သန့်ရှင်းသပ်ရပ်စေရန်နှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ စီးနင်းနိုင်ရန် မရမ်းကုန်းမြို့နယ်ရှိ သမိုင်းဘူတာရုံ ရထားလမ်းဘေးရှိ ပျံကျဈေး ၃၅၀ ခန့်ကို မေလ ၁ ရက်က သမိုင်းဘူတာဈေးသစ်ကို ပြောင်းရွှေ့ပေးထားကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

Source : The Voice News